
ဒီကာလမှာ ရန်ကုန်ဟာ တကယ်ပဲ သွေးအေးနေပြီလားလို့ ကျနော်အမြဲမေးခွန်းထုတ်ပါတယ်။ ဒီ Episode ကတော့ ကျနော့်မေးခွန်းကို ကျနော်ပြန်ဖြေထားကြည့်တာပါပဲ။ နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်။ စောဝဏ္ဏ ၁၃.၆.၂၀၂၁
Jun 12, 2021
7 min

ဝိတ်ဘယ်လိုကျသွားလဲ၊ကျနော်တို့ရဲ့ နေ့လည်စာစားကြတဲ့ ယဉ်ကျေးမှုအကြောင်းနဲ့ လူတွေအကြောင်းနည်းနည်းကို မှတ်မိသလောက် လက်တန်းပြောထားတာဖြစ်ပါတယ်။ တစ်ချို့နေရာတွေ ဖြည့်ပြောဖို့ အချက်အလက်နည်းနည်းကျန်ခဲ့ပေမယ့် အသံသွင်းပြီးပြီးချင်း Upload လုပ်လိုက်ပါတယ်။ နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။ စောဝဏ္ဏ
Jun 10, 2021
10 min

လမ်းချိုးလေးကို ကွေ့လိုက်ရင် သံတံခါးအကြီးကြီး တစ်ခု တွေ့လိမ့်မယ်။ လူစိမ်းဆိုရင် အထဲကနေ ဘယ်သူနဲ့တွေ့ချင်လို့လဲလို့ အပြာရောင်လက်ရှည်အကျီကို ခေါက်ဝတ်ထားတဲ့ လူတစ်ယောက်လာမေးရင် ကျနော်တို့ အလုပ်ကို ရောက်ပါပြီ။ခြံထဲကို ဝင်လာပြီဆိုတာနဲ့ မဂ်လာပါ ညီလေးစော၊ဂွဒ်မောနင်းလို့ နှုတ်ဆက်တဲ့ လုံခြုံရေးဦးလေးတစ်ယောက်ကို ကျော်ပြီး ခြံတံခါးအတိုင်းမျက်နှာမူရာအရှေ့ဘက်ကို ခြေလှမ်းနှစ်ဆယ်ခန့်လျှောက်ရင် ကျနော်တို့ အဖွဲ့ရဲ့ ရုံးခန်းကို ရောက်ပါပြီ။ ကျနော်တို့ အဖွဲ့ဆိုတာ မရှက်နဲ့၊ဒီဂျစ်တယ်၊Outreachနဲ့ သင်တန်းရေးရာ ယူနစ်လေးခုပေါင်း ထားတဲ့ လူဆယ့်သုံးယောက်ရှိတဲ့ အဖွဲ့ပါ။ အခန်းရဲ့ အလယ်တည့်တည့်မှာ စားပွဲဝိုင်းခပ်ကြီးကြီးတစ်လုံးရှိပါတယ်။ အဆိုပါ စားပွဲပေါ်မှာ အခန်းထဲက လူတွေ ဝယ်လာတဲ့ လက်ဖက်ရည်၊စမူဆာ၊အီကြာကွေး၊ဆီထမင်း၊အသုတ်၊မုန့်ဟင်းခါး အစရှိတဲ့ မနက်ခင်းအစားအစာတွေကို မကြာခဏတွေ့ရပါတယ်။ အခန်းထဲက ဝိုင်းတော်သားတွေရဲ့ မရိုးရတဲ့ နေ့စဉ်မနက်ခင်းအစားအစာတွေပေါ့။
ကြိုက်နှစ်သက်ရာကို ဝင်ရောက်သုံးဆောင်နိုင်ပါတယ်။
အခန်းနာမည်ပေးဖြစ်ပုံလား?
ဒီလိုပါ၊ ကျနော်တို့ စီမံချက်နာမည်က မရှက်နဲ့လေ။လူငယ်တွေအတွက် မျိုးဆက်ပွားနဲ့လိင်မှုဆိုင်ရာကျန်းမာရေးအချက်အလက်တွေကို Facebook ပေါ်ကနေ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေ့လာနိုင်အောင် မှန်ကန်အချက်အလက်အခြေပြုအကြောင်းအရာတွေ ထုတ်လုပ်ကြတာပေါ့။စကားလုံးခပ်ကြီးကြီးသုံးရရင် SBCC လို့ အတိုကောက်ခေါ်တဲ့ လူမှုအပြုအမူဆိုင်ရာပြောင်းလဲခြင်းအတွက်ဆက်သွယ်ရေးပေါ့။ မြန်မာလို အတော်ရှည်၊ရှုပ်တယ်နော်။ ဘိုလိုဆို Social and Behavioral Change Communication လို့ခေါ်တယ်ဗျာ။
နာမည်ပေးဖြစ်ပုံကတော့ဗျာ လိင်မှုဆိုင်ရာကိစ္စတွေ ပြောတာဆိုတော့ အနောက်တံခါးက အင်း...ကိုယ်ခန္ဓာ အနောက်ပိုင်းကို ရည်ညွှန်းပီး ပေးဖြစ်တာပါပဲ။
အစောပိုင်းကာလတွေမှာ ကျနော်တို့အခန်းထဲ ဝင်လာသူတွေကို အားနာရတယ်။ အလုပ်အကြောင်းကိုက လိင်ကိစ္စတွေ ဆွေးနွေးနေတာ ဆိုတော့ တစ်ခြားဝန်ထမ်းတွေကို အားနာရတယ်။ နောက်ပိုင်းကျတော့လည်း ပြောပါများစကားရဆိုသလို လူတိုင်းလွတ်လွတ်လပ်လပ် လာဆွေးနွေးလို့ရတဲ့ Open Space ကို ဖြစ်လာတာပါပဲ။ Bean Bag သုံးလုံးပေါ် အိပ်ပြီး ကောင်မလေးနဲ့ အဆင်မပြေတာတွေလာပြောမလား၊ထိုင်ခုံပေါ် ထိုင်ပြီး ဘဲနဲ့ အဆင်မပြေတာ လာပြောမလား။ ကြိုက်ရာကို ကြိုက်သလို လွတ်လွတ်လပ်လပ် ပြောလို့ရတဲ့ အထိ လွတ်လပ်တာဗျာ။
ကျနော်ထင်တယ်။ကျနော်တို့အခန်းဟာ ရုံးရဲ့ တစ်ခုတည်းသော လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပြောလို့ရတဲ့ အခန်းဖြစ်မယ် ထင်ပါတယ်။
ဘီဘီစီမီဒီယာအက်ရှင်ရဲ့အနောက်တံခါးဝိုင်းတော်သားတွေ ကျန်းမာ၊ချမ်းသာကြပါစေဗျာ.....
စောဝဏ္ဏ
၂၉.၅.၂၀၂၁
Jun 9, 2021
5 min

ကာတွန်းတွေအကြောင်း နည်းနည်းပါ
ကာတွန်းတွေဟာ ခေတ်ရဲ့ ပြောစကားတွေပါပဲ။ ကာတွန်းဦးဘဂျမ်းတို့လက်ထက်ကနေ ခုအာဏာရှင် စနစ်အထိ ကာတွန်းတွေ ဆီကနေ ဖွင့်ဟပြောဆိုလာတဲ့ ပုံရိပ်တွေနဲ့ စကားလုံးတွေဟာ ခေတ်ကို ပြောပြဖို့ ကြိုးစားနေကြတဲ့ အနုပညာပါပဲ။ ကာတွန်းဆရာတွေဟာ ခေတ်ကို မျက်ခြေမပြတ်ဘူး။ ခေတ်ကိုစောင့်ကြည့်တယ်။ ခေတ်ကို ဝေဖန်မျက်လုံးနဲ့ကြည့်ရှု့တယ်။ခေတ်ကို ရင်ဘတ်နဲ့ခံစားတယ်။ ခေတ်ကို ကာတွန်းတွေအဖြစ်နဲ့ ပြန်လည်သွန်ချထုတ်ဖော်လေ့ရှိပါတယ်။နိုင်ငံတစ်ခုရဲ့ အသိဉာဏ်ရေချိန်နဲ့ခေတ်စနစ်တွေကိုလေ့လာချင်ရင် ကာတွန်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံလား၊ဖွတ်ကြောပြာစုဖြစ်နေတဲ့နိုင်ငံလား။လူ့အခွင့်အရေးကိုဦးစားပေးတဲ့နိုင်ငံလား။ဒီမိုကရေစီနိုင်ငံလား။အာဏာရှင်နိုင်ငံလား။
နိုင်ငံသားတွေရဲ့ နိုင်ငံရေးရေချိန်မြှင့်နေသလား သိချင်ရင် ကာတွန်းတွေကို လေ့လာကြည့်ပါ မိတ်ဆွေ။
ကျနော်တို့ မပြောနိုင်တဲ့ စကားလုံးမျိုး၊ကျနော်တို့ မမြင်နိုင်တဲ့ ရှု့ထောင့်မျိုးကို ကာတွန်းတွေကနေ တစ်ဆင့်ပြောပြနေပါတယ်။
ကာတွန်းတွေဟာ ကလေးဘဝ၊ကြီးကောင်ဝင်စအရွယ်၊လူပျိုပေါက်နဲ့ အသက်အရွယ်အိုမင်းလာချိန်အထိ ကျတော်တို့ကို စွဲဆောင်နေပါတယ်။
ဒီစာသားကို ဖတ်မိလို့ ကာတွန်းဆရာတစ်ယောက်ယောက်ရေးဆွဲတဲ့ ကာတွန်းတစ်ကွက်၊ကာတွန်းဇာတ်ဆောင်တစ်ကောင်ရဲ့ ပုံရိပ်ကို မိတ်ဆွေတို့ မျက်လုံးထဲမှာ မြင်ယောင်သွားမိမယ်ဆိုရင် အဆိုပါပုံရိပ်ဟာ မိတ်ဆွေတို့ရဲ့ နှလုံးသားနဲ့အသိဉာဏ်မှာ မှီတွယ်နေတဲ့ ကာတွန်းပုံရိပ်ဖြစ်ပါတယ်။
အဆိုပါ ပုံရိပ်ကို ထပ်တွေးကြည့်ပါ။ ဘာကြောင့် ဒီကာတွန်းဖြစ်နေရပါသလဲလို့ မေးခွန်းထုတ်ကြည့်ပါ။
ရလာတဲ့ အဖြေဟာ ကျနော်တို့နဲ့ ကာတွန်းကြားက တစ်ကိုယ်ရည်စာ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုပြောပြနိုင်တဲ့ တစ်ဦးဆိုင်အဖြေပဲ ဖြစ်နေပါလိမ့်မယ်။
ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားတဲ့အရပ်မှာ ကာတွန်းတွေ ရှင်သန်နိုင်ပါစေ။
စောဝဏ္ဏ
၈.၆.၂၀၂၁
၃:၃၀ မိနစ်(မနက်)
Jun 9, 2021
3 min

မင်းနဲ့ငါ တစ်ညတာ
မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့။
ငါလည်း ပြောစရာရှိတာတွေကို မပြောတော့ဘူး။
မင်းကြီးပြင်းခဲ့တဲ့မြို့။ မင်းငယ်ဘ၀။
ငါကြီးပြင်းခဲ့ရာမြို့။ ငါ့ငယ်ဘ၀။
ငါတို့ရဲ့ အမှတ်ရစရာတွေ။ငါတို့ရဲ့ ခံစားခဲ့ရမှုတွေ။
ငါတို့သီခဲ့ကြတဲ့တေးတွေရင်ထဲမှာပဲ သိမ်းထားလိုက်ကြစို့။
လူဆိုတာ ပျော်ရွှင်စရာတွေ့ရင် ပြုံးရယ်မှာပဲ။
၀မ်းနည်းစရာတွေ့ရင် ငိုမိမှာပဲ။အကျပ်အတည်းတွေ့ရင် ရုန်းကန်မှာပဲ။
ငါတို့ မမြင်နိုင်သေးတဲ့ တရားဓမ္မတွေ၊ ငါတို့မသိသေးတဲ့ သံဝေဂတွေ သူ့အတိုင်းပဲ ရှိနေပါစေကွာ။
ဘယ်အရာကို ပိုကောင်းအောင် လုပ်နိုင်မလဲ။ဒါကို ငါစဉ်းစားမိသလို
ဘယ်အရာကို ပိုဆိုးမသွားအောင် လုပ်ထားနိုင်မှာလဲ။ မင်းလည်း စဉ်းစားမိမှာပါကွာ။
တို့ ဒီနေ့အဖို့ ပေါင်မုန့်ကလေးတစ်လုံးကောင်းကောင်းဖုတ်မယ်။
သလဲပင်ကလေးကို ရေလောင်းမယ်။ အဝေးကရောက်လာမယ့် စာပို့သမားကိုလည်း စောင့်မျှော်မယ်။
မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့။
ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။
အတွေ့အကြုံ ဖြတ်သန်းမှု မတူပေမယ့်
ခံစားချက်တွေဟာ ဒီအတိုင်းပဲ။ကမ္ဘာကြီးဟာလည်း တစ်ခုတည်း။
မနက်လင်းရင် အရှေ့အရပ်က ထွက်ပေါ်လာမယ့် နေမင်းကြီးကို ငါတို့ စောစောထကြည့်ကြမယ်။ငါတို့ ငြင်းခုံဖို့ မလိုတော့ဘူး။ ငါတို့ ဆွေးနွေးဖို့ မလိုတော့ဘူး။
စက်သီးကြိုးနဲ့ ကျောက်တုံးရေတွင်းထဲကရေကို ငါငင်မယ်။ မင်းက သလဲပင်ကလေးကို လောင်းပါ။ တကယ်တော့ ပေါင်မုန့်တစ်လုံးထက် ပေါင်မုန့်နှစ်လုံးက ပိုကောင်းတာပေါ့ကွာ။ ဒါပေမဲ့ ပေါင်မုန့်တစ်လုံးတည်း မင်းဖုတ်ခဲ့လည်း ငါကျေနပ်ပြီ။ မီးဖိုထဲကမီးတွေ ငြိမ်းသွားလို့ အအေးဓာတ် စတင်ဖြစ်ပေါ်လာခဲ့ရင် မင်း ငါ့အနားကို တိုးပါ။ မင်းကို ငါပွေ့ဖက်ထားမယ်။ နွေးအောင်ပေါ့။ ဒီထက်မပိုဘူး။
တကယ်လို့ မင်းနားထောင်ချင်ရင် ငါအလေးအနက် ပြောခဲ့တဲ့ စကားကို ဘေးဖယ်ထားပြီး မင်းကို အကြောင်းအရာတစ်ခု ပြောပြမယ်။ ဟိုး ငါငယ်ငယ်တုန်းက ကြောင်ကလေးကို လက်သည်းညှပ်ပေးခဲ့တဲ့ အကြောင်းလေ။ မင်းလည်း ခုထိ အမှတ်ရနေတဲ့ ငယ်ငယ်က မိုက်မဲမှုတစ်ခုခုကို ပြောပြပါ။ ငါ နားထောင်ချင်လို့ပါ။
- နေမျိုး
Dec 13, 2020
3 min

ကိုဇေယျာတိုးက ရေးတယ်။ ကျနော်က စိတ်ပါလို့ ရွတ်တယ်။ အသံဖိုင်ဖန်တီးမှု နည်းပညာနောက်ခံ အရ မကောင်းဘူး။ စိတ်ပါလို့ လုပ်တာပဲ ဟီး
Oct 19, 2020
2 min

ဆပ်ရိပ်ရဲ့ Conservation တွေဟာ လက်ရှိခေတ် လူငယ် လူလတ်တန်းစားအမြင့်လွှာနဲ့ လူလတ်တန်းစား တွေရဲ့ ခေတ်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု အတွင်းသားအလွှာ တွေကို ကိုယ်စားပြု ပြောပြနေတယ်လို့ ကျွန်တော့်နားထဲမှာ ကြားမိတယ်။ သူဘယ်သူလဲ၊ဘာကြောင့် ဒီလိုမျိုးတွေ ရေးဖြစ်လဲ ဆိုတာကို အနည်းငယ် လေ့လာခွင့်ရတဲ့ လူငယ်တစ်ယောက်အနေနဲ့ပေါ့။ကျွန်တော်တို့က တစ်ချို့ အခြေအနေတွေမှာ နေ့လည်က ဖတ်မိတဲ့ သုခမိန်လှိုင်ရဲ့ ကဗျာ တစ်ပုဒ် လို အရူးလက်ထဲ စတီယာရင် ရောက်နေတဲ့ လေယာဉ် ပေါ်က လူတွေလို ဘဝမျိုး မဟုတ်လား။ ပျော်အောင်နေဖို့မှတစ်ပါး ထပ်မံရွေးချယ် စရာ မရှိဘူးလေ။ ကို လင်းခါးရေးတဲ့ အက်ဆေးတစ်ပုဒ် ခေါင်းစဉ်လို *တစ်ယောက်တည်း မဟုတ်ပါဘူး လို့ တစ်ယောက်တည်း ပြောပြောပီး ငိုကြရ* ဆိုတဲ့ ခံစားချက်မျိုး ကို ဒီအက်ဆေးကနေ ခံစားမိတယ်။
Jul 25, 2020
11 min

အအေးခွက်ဖယ်လိုက်ရင် ရေစက်အကွင်းလေးကျန်ခဲ့သလို
မရည်ရွယ်ထားတဲ့ ကဗျာတွေ ရင်မှာ ကျန်ခဲ့ရတယ်
နင်နဲ့ငါက သီးခြားစီပဲ
နင်နဲ့ငါက တခုတည်းပဲ
သီးခြားနေ အဖွဲ့အစည်းတခုရဲ့
စုစုပေါင်းစွမ်းအင်က ကိန်းသေပဲ
နင်ပျော်ရင် ငါပျော်ပါတယ်
ငါမျှော်ရင်လည်း နင်မျှော်နေမှာပဲ
ဆုံတွေ့ဖို့ လိုတာက တယောက်ဆံပင်နဲ့
နောက်တယောက်ရဲ့ လက်ချောင်းတွေ သီးသန့်ပဲ
ငါတို့ စိတ်တွေက ဝေးတယ်လို့မှ မရှိခဲ့တာ
ဝမ်းနည်းစရာရှိလာတိုင်း နင်ရှိတယ်ကနေ
နင်ရှိရင်ကောင်းမယ်လို့ ပြောင်းတွေးနေရတယ်
ဒါကပဲ ဝမ်းနည်းစရာ အကြောင်းရင်းလည်း
ဖြစ်ရင်ဖြစ်နေတတ်တယ်
အနာဆိုတာ မနာတဲ့နေရာပါ နာရမှာပဲ
အရင်ကထက် စာရင်တော့ ငါ တည်ငြိမ်သွားတယ်
ရေပြင်တခုလို ငါ တည်ငြိမ်သွားတယ်
နင် ဘယ်ပုံသဏ္ဍန်နဲ့ ထိမှန်လာလာ
ဝိုင်းစက်မှု တမျိုးနဲ့ပဲ ဂယက်ထနေဦးမယ့်
ရေပြင်တခုလို ငါ တည်ငြိမ်သွားပါတယ်
ချောင်းတခုမှာ ရေနှစ်ခါမချိုးနိုင်လည်း
နင်တယောက်ကိုတော့ နှစ်ခါချစ်ချင်တယ်
လွဲခဲ့တယ်ဆိုတာလည်း အချိန်ကလွဲလို့ အရာရာမှန်ခဲ့သားပဲ
ဖြစ်လေရာ ဘဝတိုင်းအတွက်
ရောက်လေရာ ဘုရားတိုင်းမှာ ငါ နာရီလှူဖြစ်တယ်
သတိရပါတယ်
အစစအရာရာနဲ့ ရာရာစစပေါ့ ကလေးရယ်
မြတ်ကျော်
Jul 12, 2020
1 min

“ ညီမလေးကို ထိန်းတဲ့နေ့ ”
▬▬▬▬👼🏼 ▬▬▬
ကြည့် … ဟိုမှာ
နွေနှောင်းစံပယ်တွေ လုပ်ပုံ
မိုးဦးမြင်ရုံနဲ့
ညဝတ်စုံတွေ ဖရိုဖရဲ
အိပ်ရာထဲထား ဒုန်းပြေးသွားကြတာ ။
.
လာ…ညီမလေး
ဖားကလေးတွေလို တို့လည်းမိုးရေချိုးကြမယ်
အမေဆူမယ်..လား
နွေမှာသားပိုက်ကောင်တွေ ၊
ဆောင်းမှာ နှံကောင်လေးတွေ
ဒီလိုပဲခုန်ဆွခုန်ဆွ လုပ်ကြတာ
“ကျန်းမာရေးအတွက်”လို့ ပြောလိုက်မှာပေါ့။
.
လူဟာ…
ကုက္ကိုပွင့်တွေလို ၊ လဲမှို့ပွင့်တွေလို
သတ္တိကောင်းဖို့လိုတယ်လို့
ကိုကို ထင်တယ်ကွ။
ကြည့်…ဟိုမှာ
သူတို့အမြင့်ကြီးတက်ပြီး
လေထီးခုန်ကြတယ်လေ၊
ခရေတွေဆို ခုန်ချရင်း
မြေကြီးကို ရေမွှေးတောင် ဆွတ်ပေးသွားသေး။
.
ဒီထင်းချောင်းဟာ
နန်းတော်ဟောင်းရဲ့ ခေါင်မိုးကွ ၊
သူပြောပြတာက " နိုင်သူအကုန်စားကြေးမှာ
နောင်တနဲ့ ကြေကွဲခြင်းတွေလည်း ရခဲ့ပါသတဲ့"
ဘာ…
ညီမလေး နားမလည်ဘူး ဟုတ်လား
ညည်းဇယ်တောက်တုန်းက နိုင်တဲ့
သြဇာစေ့တွေ နည်းနည်းပေး ၊
ကိုကိုက မာလကာသီး တစ်ခြမ်းကျွေးမယ်
အဲ့ဒါပြောတာ ။
.
မီးလုံးတွေ ထွင်တဲ့ အက်ဒီဆင်ဟာ
ငယ်ငယ်က အမေးအမြန်းထူသတဲ့ ၊
ကမ္ဘာကြီးကို လင်းစေခဲ့သူမှန်သမျှ
ကလေးဘ၀မှာ
အမေးထူကြ ၊ စပ်စုကြတယ်၊ တွေးကြတယ်။
ညီမလေး..လာ
ကိုကိုဖတ်တဲ့ စာအုပ်မှာ လာရှုပ်ပါလှည့် ၊
လူတွေက ဇာတာမှာ အသက် ၁၂၀ ရှည်စေသောဝ်၊
ကျောက်ပုစွန်ကြီးတွေ အသက်က..
ဒီထက်တောင် ကျော်သေးတယ် ၊
သူတို့သေတော့ ရုပ်ကြွင်းကို
ဧည့်ခန်းမှာ အလှချိတ်ခံရ ။
.
ပုစဉ်းကောင်လေးတွေ သက်တမ်းဟာ
၃၆နာရီပဲ ကြာပေမယ့်
လူတွေ ဟယ်လီကော်ပတာ ထွင်ဖို့
နမူနာ ပျံပြခဲ့။
.
ဆင်ကလေးတစ်ကောင်
လောကကြီးထဲ ရောက်ဖို့အရေး
သူတို့မေမေဗိုက်ထဲ ၂နှစ်စောင့်ရသေးတာ
ဖတ်ပြတဲ့အခါ
" အကြာကြီးပဲ သူတို့မပျင်းဘူးလား
ဘာတွေတွေးနေကြမလဲ၊ ဘယ်လိုများနေကြမလဲ"
ညီမလေးက မေးတယ်။
.
အဲ့သလို
တွေးစမ်းပါ့ ၊ မေးစမ်းပါ့ ဆိုတဲ့အခါ
“ ခွေးတွေ ကြောင်တွေမှာ အတွေးရှိလား ”၊
“ မိုးပေါ်မှာ ကြယ်တွေကုန်သွားရင်
ဘယ်လိုလုပ်မလဲ”တဲ့။
ကိုကိုလည်း စာအုပ်ကြီးတဗျန်းဗျန်းလှန်
အဖြေရှာနေတုန်း
ကြယ်ကြွေတာ မြင်တော့
ညီမလေးဟာ
“မီးမီးအပေါ် ပြုတ်ကျရင် ဒုက္ခ” ဆိုပြီး
သူ့ခေါင်းကို လက်ကလေးနဲ့ အုပ်ပြေးလေရဲ့။
.
#မင်းကိုနိုင်
( ၂၀/၆/၂၀၁၇ ၊ 11:30 PM )
Jun 22, 2020
2 min
Load more
