Saw Wunna's Podcast
Saw Wunna's Podcast
Saw Wunna
*ကျနော်တို့အခန်းနာမည်က ပြန်ဆုံမယ့် အနောက်စကားဝိုင်း*
5 minutes Posted Jun 9, 2021 at 8:38 pm.
0:00
5:35
Download MP3
Show notes
လမ်းချိုးလေးကို ကွေ့လိုက်ရင် သံတံခါးအကြီးကြီး တစ်ခု တွေ့လိမ့်မယ်။ လူစိမ်းဆိုရင် အထဲကနေ ဘယ်သူနဲ့တွေ့ချင်လို့လဲလို့ အပြာရောင်လက်ရှည်အကျီကို ခေါက်ဝတ်ထားတဲ့ လူတစ်ယောက်လာမေးရင် ကျနော်တို့ အလုပ်ကို ရောက်ပါပြီ။ခြံထဲကို ဝင်လာပြီဆိုတာနဲ့ မဂ်လာပါ ညီလေးစော၊ဂွဒ်မောနင်းလို့ နှုတ်ဆက်တဲ့ လုံခြုံရေးဦးလေးတစ်ယောက်ကို ကျော်ပြီး ခြံတံခါးအတိုင်းမျက်နှာမူရာအရှေ့ဘက်ကို ခြေလှမ်းနှစ်ဆယ်ခန့်လျှောက်ရင် ကျနော်တို့ အဖွဲ့ရဲ့ ရုံးခန်းကို ရောက်ပါပြီ။ ကျနော်တို့ အဖွဲ့ဆိုတာ မရှက်နဲ့၊ဒီဂျစ်တယ်၊Outreachနဲ့ သင်တန်းရေးရာ ယူနစ်လေးခုပေါင်း ထားတဲ့ လူဆယ့်သုံးယောက်ရှိတဲ့ အဖွဲ့ပါ။ အခန်းရဲ့ အလယ်တည့်တည့်မှာ စားပွဲဝိုင်းခပ်ကြီးကြီးတစ်လုံးရှိပါတယ်။ အဆိုပါ စားပွဲပေါ်မှာ အခန်းထဲက လူတွေ ဝယ်လာတဲ့ လက်ဖက်ရည်၊စမူဆာ၊အီကြာကွေး၊ဆီထမင်း၊အသုတ်၊မုန့်ဟင်းခါး အစရှိတဲ့ မနက်ခင်းအစား‌အစာတွေကို မကြာခဏတွေ့ရပါတယ်။ အခန်းထဲက ဝိုင်းတော်သားတွေရဲ့ မရိုးရတဲ့ နေ့စဉ်မနက်ခင်းအစားအစာတွေပေါ့။
ကြိုက်နှစ်သက်ရာကို ဝင်ရောက်သုံးဆောင်နိုင်ပါတယ်။
အခန်းနာမည်ပေးဖြစ်ပုံလား?
ဒီလိုပါ၊ ကျနော်တို့ စီမံချက်နာမည်က မရှက်နဲ့လေ။လူငယ်တွေအတွက် မျိုးဆက်ပွားနဲ့လိင်မှုဆိုင်ရာကျန်းမာရေးအချက်အလက်တွေကို Facebook ပေါ်ကနေ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေ့လာနိုင်အောင် မှန်ကန်အချက်အလက်အခြေပြုအ‌ကြောင်းအရာတွေ ထုတ်လုပ်ကြတာပေါ့။စကားလုံးခပ်ကြီးကြီးသုံးရရင် SBCC လို့ အတိုကောက်ခေါ်တဲ့ လူမှုအပြုအမူဆိုင်ရာပြောင်းလဲခြင်းအတွက်ဆက်သွယ်ရေးပေါ့။ မြန်မာလို အတော်ရှည်၊ရှုပ်တယ်နော်။ ဘိုလိုဆို Social and Behavioral Change Communication လို့ခေါ်တယ်ဗျာ။
နာမည်ပေးဖြစ်ပုံကတော့ဗျာ လိင်မှုဆိုင်ရာကိစ္စတွေ ပြောတာဆိုတော့ အနောက်တံခါးက အင်း...ကိုယ်ခန္ဓာ အနောက်ပိုင်းကို ရည်ညွှန်းပီး ပေးဖြစ်တာပါပဲ။
အစောပိုင်းကာလတွေမှာ ကျနော်တို့အခန်းထဲ ဝင်လာသူတွေကို အားနာရတယ်။ အလုပ်အကြောင်းကိုက လိင်ကိစ္စတွေ ဆွေးနွေးနေတာ ဆိုတော့ တစ်ခြားဝန်ထမ်းတွေကို အားနာရတယ်။ နောက်ပိုင်းကျတော့လည်း ပြောပါများစကားရဆိုသလို လူတိုင်းလွတ်လွတ်လပ်လပ် လာဆွေးနွေးလို့ရတဲ့ Open Space ကို ဖြစ်လာတာပါပဲ။ Bean Bag သုံးလုံးပေါ် အိပ်ပြီး ကောင်မလေးနဲ့ အဆင်မပြေတာတွေလာပြောမလား၊ထိုင်ခုံပေါ် ထိုင်ပြီး ဘဲနဲ့ အဆင်မပြေတာ လာပြောမလား။ ကြိုက်ရာကို ကြိုက်သလို လွတ်လွတ်လပ်လပ် ပြောလို့ရတဲ့ အထိ လွတ်လပ်တာဗျာ။
ကျနော်ထင်တယ်။ကျနော်တို့အခန်းဟာ ရုံးရဲ့ တစ်ခုတည်းသော လိင်ပိုင်းဆိုင်ရာကိစ္စ‌တွေကို ပွင့်ပွင့်လင်းလင်းပြောလို့ရတဲ့ အခန်းဖြစ်မယ် ထင်ပါတယ်။
ဘီဘီစီမီဒီယာအက်ရှင်ရဲ့အနောက်တံခါးဝိုင်းတော်သားတွေ ကျန်းမာ၊ချမ်းသာကြပါစေဗျာ.....
စောဝဏ္ဏ
၂၉.၅.၂၀၂၁