Painkiller Poems
Painkiller Poems
HlwanMoe Kyaw
ကမ္ဘာကျော်တွေနဲ့ဝေးရာ
1 minutes Posted Sep 24, 2022 at 2:10 pm.
0:00
1:27
Download MP3
Show notes
ဒီမြို့ထဲမှာလေ
ကျွန်တော်ဟာ ကိုယ်ကိုကိုယ်
"ကျွန်တော်" လို့ပဲ နာမ်စားသုံးပြီး
နေထိုင်ခဲ့တာကြာပြီ
အမှန်တရားရဲ့အနားသပ်မျဉ်းလေးမှာ
အမှားပါတဲ့အခါ
အမှန်တရားဟာ လိုတာထက်ပိုပြီး
ရင့်ကျက်တည့်ငြိမ်နေပါလိမ့်မယ်
မိုဘိုင်းဖုန်းတွေရဲ့ဝေးရာ
ဆိုရှယ်မီဒီယာတွေရဲ့ဝေးရာ
မြို့ပြရဲ့ဝေးရာ
မနက်ဖြန်တွေအထိတွေးစရာမလိုတဲ့
စိတ်တွေနဲ့
ငါရဲ့ နာမဝိသေသနကို
ငါကိုယ်တိုင် မြည်းစမ်းကြည့်ချင်တာမျိုး
အမှောင်ထဲမှာ
နေရောင်ထိုးတဲ့ အလင်းစက်လေးတွေကို
ရက်ရက်ရောရော လက်ခံရင်း
အလင်းတွေနဲ့ထပ်တူကြချင်တဲ့စိတ်
ဘုံဆိုင်သွားစရာမလိုပဲ
ဆံပင်ညှပ်ဆိုင်သွားချင်နေတဲ့စိတ်
မျက်နှာပေါ်မိုးစက်တွေအခါခါကျရင်
အိမ်ပြန်ချင်တဲ့စိတ်
အဲလိုစိတ်တွေကို သယ်ဆောင်ထမ်းပိုးရင်း
ငါဘဝကိုငါ စိတ်သွားတိုင်းကိုယ်ပါမယ်
အဖြူရောင်လို့ဆိုလိုက်တာနဲ့
ကောင်းကင်ကြီးရယ်
ဆံပင်အဖြူတွေရယ်နဲ့
သဘာဝဆန်ဆန် အသက်ကြီးသွားမယ်
တိတ်စိတ်မူဆိုတာလည်း
ငါကြားချင်တဲ့အသံကိုကြားနေရတာမျိုးလို့
အဓိပ္ပါယ်ဖွင့်မယ်
တစ်ခါတစ်လေ
ဘာမှမရှိတဲ့ ရင်ဘတ်ကြီးနဲ့
ငိုကြွေးချင်တယ်
အဲဒီရင်ဘတ်နဲ့ပဲ
ပျော်ရွှင်ချင်တယ်
ဘယ်မှသွားစရာမရှိတဲ့အခါ
ပြန်စရာ အမေအိမ်လေးလည်းရှိရမယ်ပေါ့လေ
အဲလောက်ဆို
ကမ္ဘာကျော်တွေနဲ့ဝေးရတာ
တန်ပါတယ်
#HMK
---
Send in a voice message: https://podcasters.spotify.com/pod/show/hlwanmoe-kyaw2/message