Show notes
မင်းမဲ့ဝါဒ ဆိုဒါ Anarchism Soda (1)
(ဝေါဟာရ ရှင်းတမ်း)
ရေးသားသူ - စက္က
Speaker - ခင်သစ်
နိုင်ငံရေးရာအတွေးအခေါ်ဝါဒ အတော်များများရဲ့ အမည်နာမတွေဟာ များသောအားဖြင့် ကောင်းတဲ့အဓိပ္ပါယ်ကိုဖော်ဆောင်ပါတယ်။ ဥပမာ Liberalism ဆိုရင် Liberty၊ ဒါမှမဟုတ် freedom ဆိုတဲ့ လွတ်လပ်ခြင်းကို ကိုယ်စားပြုတယ်။ Socialism ဆိုရင် sociability ဆိုတဲ့ လူမှုထုံးတမ်းတွေကိုလိုက်နာခြင်း၊ ဒါမှမဟုတ် fellowship ဆိုတဲ့ အဖွဲ့အစည်းသဘော၊ စည်းလုံးမှုသဘောဆောင်တယ်။ Conservatism မှာဆိုရင်လည်း နိုင်ငံတစ်ခု သို့မဟုတ် ဘဝတစ်ခုကို ပြုပြင်ပြောင်းလဲမှုတွေနှင့်ဆန့်ကျင်ပြီး အခြေခိုင်မြဲစွာဆောက်တည်ကြမယ်၊ ရှင်သန်ကြမယ်ဆိုတဲ့သဘော...။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဟစ်တလာတို့ မူဆိုလီနီတို့ရဲ့ ယုံကြည်ရာဖြစ်တဲ့ Fascism မှာတောင်မှ fascio ဆိုတဲ့ အစုအစည်းသဘောတရားမျိုး ပါသေးတယ်။ ငယ်ငယ်ကကြားဖူးကြမှာပေါ့ ထင်းတစ်ချောင်းတည်းဆိုချိုးရလွယ်တယ်၊ ထင်းတွေအများကြီးစုလိုက်ရင် ချိုးဖို့မလွယ်တော့ဘူးဆိုတာလေ။ fascism ရဲ့ဝေါဟာရရေသောက်မြစ်က အဲ့လိုလာတာ။
Anarchism ကေရာ ...?
Anarchism မှာတော့ဒီလိုမဟုတ်ဘူး။ ဝါဒအမည်ကိုက စတင်ထိတွေ့သူတွေအနေနဲ့ အထင်လွဲချင်စရာကောင်းတယ်။ အစိုးရအဆက်ဆက်ကလည်း အထင်လွဲချင်စရာကောင်းအောင် လုပ်ခဲ့ကြတယ်။ မင်းမဲ့ဝါဒပေါ့။ ခေတ်မီအောင်ပြောရရင် အစိုးရမဲ့ဝါဒပေါ့။ ဘယ်လိုပဲမဲ့ပါစေ Anarchism ဟာ အုပ်စိုးသူနှင့်အာဏာကိုဆန့်ကျင်တယ်။ ဒါပေမဲ့ နှစ်ထောင်ချီပြီး တပါးသူအုပ်ချုပ်မှုအောက်နေလာခဲ့တဲ့လူသားမျိုးနွယ်ဟာ မင်းမဲ့ဝါဒဆိုတဲ့အမည်ကိုကြားတော့ အော်ဂလီဆန်ကြပါတယ်။ ဒါပေမဲ့လည်းမတတ်နိုင်ပါ။ မင်းမဲ့ဝါဒရဲ့အဓိပ္ပါယ်ကိုပေါ်လွင်နိုင်ဖို့ ဒီနာမည်တွေအပြင်တခြားလည်းမရှိတော့ပါဘူး။ ဒါဟာ မြန်မာဝေါဟာရတစ်ခုအနေနဲ့ပဲရွံမုန်းခံရတာမဟုတ်။ Anarchyရဲ့ရေသောက်မြစ်မှာကိုက အဓိပ္ပါယ်ဖွင့်ဆိုနားလည်ထားကြပုံ ရာဇဝင်မလှခဲ့တာပါ။
Anarchy ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ခဲ့ကြ
Anarchy ကို ယုံကြည်မှုအပေါ်သစ္စာစောင့်သိခြင်းရယ်လို့ ပထမဦးဆုံးအတည်ပြုခဲ့ကြတဲ့ ၁၉ရာစုအလယ်ပိုင်းမတိုင်ခင်ကပင် နိုင်ငံရေးဆိုင်ရာစကားစစ်ထိုးပွဲတွေမှာ လူ့အဖွဲ့အစည်းအတွက်အန္တရာယ်တစုံတရာဖြစ်စေနိုင်တဲ့ အတွေးအခေါ်တွေကို Anarchy ဆိုပြီးနှိမ့်ချလှောင်ပြောင်ခဲ့ကြပါတယ်။ အထွေထွေအသုံးအနှုန်းတွေမှာတော့ ဒီစကားလုံးဟာ အကြောက်တရားနှင့်စိုးရိမ်ပူပန်မှုကိုအတွက်အသုံးများကြပါတယ်။ Alexander Pope ရဲ့ " The Dying Christian to his Soul " မှာ " great Anarch " ဆိုတဲ့စကားလုံးကို " အလုံးစုံအမှောင်တရားကိုဆောင်ယူလာပြီး အရာအားလုံးကိုမြေမြှုပ်သင်္ဂြိုလ်ပစ်မဲ့ စိုးရိမ်ပူပန်မှုတွေနှင့်ပြည့်နက်နေပြီး ပရမ်းပတာအခြေအနေဆိုက်နေတဲ့ အင်ပါယာ " တစ်ခုအဖြစ်ပုံဖော်ထားပါတယ်။ ဒါဟာ Anarchy အပေါ်အသုံးအနှုန်း
ဆိုးရွားခဲ့ပုံကိုပြောပြတာပါ။
၁၈ရာစု အတွေးအခေါ်ပညာရှင် Edmund Burke ဟာ Anarchy ကို အမေရိကန်စစ်ပွဲပဋိပက္ခတွေရဲ့အကျိုးဆက်ဖြစ်ပြီး လွတ်လပ်မှုကိုသူ့နည်းသူ့ဘာသာ အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ တခြားရှုထောင့်တစ်ခုမှာတော့ ကဗျာဆရာ Percy Bysshe Shelley ဟာ Anarchyဆိုတာ အစိုးရတွေက အကြမ်းဖက်မှုတွေကျူးလွန်ဖို့ ပုံဖော်ဖန်တီးမှုပုံစံတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ သူလည်းပဲ Burke လို Anarchy ကို ကစဉ့်ကလျား၊ တရားမျှတမှုမရှိခြင်းဆိုတဲ့ အဆိုးဘက်အဓိပ္ပါယ်ဖော်ဆောင်မှုတွေနှင့် သဘောပေါက်ခဲ့ကြပါတယ်။ ၁၉ရာစုအတွင်း လူမှုဝေဖန်ရေးသမား John Ruskin ဟာလည်း အထက်ကလို အမြင်မျိုးနှင့်ချက်ကျလက်ကျ မြင်ခဲ့ပြန်ပါတယ်။ ‘government and co-operation are in all things the laws of life; anarchy and competition the laws of death’ ပါတဲ့။ ဒီအမြင်ဟာ Anarchist Communist တစ်ဦးဖြစ်တဲ့ Proudhon ရဲ့အမြင်နဲ့လုံးဝပြောင်းပြန်ပါပဲ။
အမည်ဘယ်လိုပေါက်
Anarchy ရဲ့ မင်းမဲ့ဝါဒီရေသောက်မြစ်အတွေးအခေါ်ရေသောက်မြစ်ဟာ ပြင်သစ်တော်လှန်ရေး လမ်းကြောင်းဖြစ်စဉ်အတွင်းပေါ်ပေါက်ခဲ့ရတဲ့ တော်လှန်ရေးအစိုးရရဲ့ ဝေဖန်ရေးစာတမ်းပဲဖြစ်ပါတယ်။ 1792 ခုနှစ်မှာ ပြင်သစ်နိုင်ငံအတွင်း enragés လို့ခေါ်တဲ့ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်ခဲ့ပြီး သူတို့အဖွဲ့ရဲ့အမည်ဟာ (the fanatics) အရူးအမူးဖြစ်သူများလို့အဓိပ္ပါယ်သက်ရောက်ပါတယ်။ သူတို့ဟာ နာမည်နဲ့လိုက်ဖက်စွာပဲ တိုက်ပွဲတိုင်းကိုဇွဲကောင်းကောင်းနဲ့ ကျားကုပ်ကျားခဲ ပါဝင်လေ့ရှိတယ်။ သူတို့အဖွဲ့ဟာ အဓိကအားဖြင့် ပဲရစ်မြို့က အဖိနှိပ်ခံဆင်းရဲသားလူထုကို အမြတ်ကြီးစားနေတဲ့ဂုပ်သွေးစုပ်သူတွေအပေါ် ကြီးလေးတဲ့အရေးယူမှုတွေဆောင်ရွက်ဖို့ တော်လှန်ရေးအစိုးရတစ်ရပ်ထူထောင်ခဲ့ကြတယ်။ ။ ဒီအဖွဲ့ကို လက်ဝဲအတွေးအခေါ်ရှိသူ ခရစ်ယာန်ဘုန်းတော်ကြီး Jacques Roux ၊ ဓမ္မဆရာဟောင်းတွေ နှင့် လွတ်လပ်ရေးလှုပ်ရှားသူ Jean Varlet စသူတို့ပါဝင်ဖွဲ့စည်းထားပြီး ထိုအချိန်က သူတို့ကိုယ်သူတို့ မင်းမဲ့ဝါဒီတွေအဖြစ်မသတ်မှတ်ခဲ့ကြပါဘူး။ သူတို့ရဲ့အစီအစဉ်မှာ "လူထုဟာ ခေါင်းပုံဖြတ်အမြတ်ကြီးစားသူတွေကို တိုက်ရိုက်အရေးယူမှုတွေလုပ်နိုင်ဖို့နှင့် အစိုးရကလဲ လူထုကိုအလုပ်အကိုင်နှင့် အစားအသောက်တွေထောက်ပံ့ဖို့" ဖြစ်ပါတယ်။ ဒီအစီအစဉ်ကြောင့်ပဲ တော်လှန်ရေးအစိုးရကိုဆန့်ကျင်သူတွေဟာ သူတို့ကို anarchist (မင်းမဲ့ဝါဒီ)တွေအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
အမြင်တွေပြောင်းလဲခဲ့ကြရဲ့လား
ဘာပဲဖြစ်ဖြစ် အနာခီဆိုတဲ့ဝေါဟာရဟာ အကောင်းဘက်အမြင်ကနေအသုံးပြုနိုင်သလို ယခုကာလမှာ နိုင်ငံရေးအတွေးအခေါ်ဝါဒတစ်ခုအဖြစ်အတည်တကျထူထောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ Dictionary of the FrenchAcademy(1694–1762) ရဲ့ ပထမလေးကြိမ်အထိတည်းဖြတ်ထုတ်ဝေမှုအတွင်းမှာ Anarchy ကို ထိန်းမနိုင်သိမ်းမရအခြေအနေ၊ ခေါင်းဆောင်မရှိ၊ အစိုးရမရှိအခြေအနေတစ်ခုအဖြစ်ဖော်ပြခဲ့ပါတယ်။ classical philosophy တစ်ခုဖြစ်တဲ့ "ဒီမိုကရေစီဟာ အနာခီအဖြစ်သို့လွယ်ကူစွာ လျောကျသက်ဆင်းစေနိုင်တယ်" ဆိုတဲ့အတွေးအခေါ်ကိုသာဓကပြုဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ 1798 ခုနှစ်မှာ ငါးကြိမ်မြောက်ထပ်တိုးတည်းဖြတ်အပြီး Anarchy ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ မပြောင်းလဲခဲ့ပေမဲ့ anarchit (မင်းမဲ့ဝါဒီ)ရဲ့အဓိပ္ပါယ်ကို a trouble-maker (ပြသနာဖန်တီးသူ)ဆိုတာကနေ a supporter of anarchy(မင်းမဲ့အယူကိုထောက်ခံသူ)ဆိုပြီးပြောင်းလဲခဲ့ပါတယ်။
ပထမဆုံးမင်းမဲ့ဝါဒီ
enragés တို့ရဲ့ တော်လှန်ရေးလှုပ်ရှားဆောင်ရွက်မှုဟာ အတွေးအခေါ်သမိုင်းအတွက် အရေးပါတဲ့အမွေအနှစ်တွေကိုချန်ထားပေးခဲ့ပါတယ်။ တော်လှန်ရေးပြိုကွဲပြီး နှစ်၁၀၀နီးပါးအကြာမှာ
ပြင်သစ်အတွေးအခေါ်ပညာရှင် Pierre-Joseph proudhon ဟာ လူထုကို မင်းမဲ့အမြင်နှင့် လက်ဝဲအတွေးအခေါ်ကိုချိတ်ဆက်တင်ပြခဲ့ပြီး မင်းမဲ့ဝါဒီအဖြစ်မိမိကိုယ်ကိုအသိအမှတ်ပြုခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ What is property? (ဒီစာအုပ်မှာ property is thef -ဥစ္စာဓနဟာ ခိုးယူခြင်းသာဖြစ်တယ်ဆိုတဲ့စကားစုဟာ အထူးထင်ရှားခဲ့ပါတယ်။) ဆိုတဲ့စာအုပ်မှာ Anarchy ကို လူလူချင်းတန်းတူညီမျှရေးနှင့် အာဏာဖီဆန်ရေးအတွေးအခေါ်တွေအတွက် အသုံးပြုဖော်ပြခဲ့ပါတယ်။
Proudhon ရဲ့ Anarchy အပေါ်အဓိပ္ပါယ်ဖွင့်ဆိုပုံကို အောက်ပါစကားပြောတွေနှင့်သိနိုင်ပါတယ်...
"အနာဂါတ်မှာ အစိုးရပုံစံက ဘယ်လိုဖြစ်လိမ့်မလဲ? "
ငါ့ရဲ့လူငယ်စာဖတ်သူလေးတွေ ငါ့ကိုမေးကြတယ်
"ဘာလို့လဲ, ဘာလို့ ဒီလိုမေးခွန်းမျိုးမေးတာလဲ?
ခင်ဗျားက ရီပါ့ဘလစ်ကန်ဝါဒီပဲ"
"ရီပါ့ဘလစ်ကန်ဝါဒီ! ဟုတ်ပါတယ်; ဒါပေမယ့် အဲ့ဒီစကားလုံးက အတိအကျသတ်မှတ်ထားတာ မရှိဘူး။ Res publica ဆိုတာ လူထုကို ရည်ညွှန်းတယ်။ ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် လူထုအရေးကိစ္စကို စိတ်၀င်စားရင် Republican ဖြစ်နိုင်တာပဲ။ ပဒေသရာဇ်တွေတောင် ရီပါ့ဘလစ်ကန် ဖြစ်နိုင်တယ်။"
"ဟုတ်ပြီ ဒါဆို ခင်ဗျားက ဒီမိုကရက်လား"
"မဟုတ်ပါဘူး"
"ဒါဆို သက်ဦးဆံပိုင်ဝါဒီလား"
"မဟုတ်ရပါဘူး"
"ဒါဆို ခင်ဗျားက aristocrat (မင်းဆွေစိုးမျိုး)လား"
"လုံး၀မဟုတ်ပါ"
"ဒါဆို စုပေါင်းအစိုးရမျိုးလိုချင်တာလား"
"မဟုတ်သေးဘူး"
"ဒါဆို ခင်ဗျားကဘာလဲ"
"ငါက မင်းမဲ့ဝါဒီပဲ"
"အိုး!...ကျွန်တော်ခင်ဗျားကိုနားလည်ပြီ၊ ခင်းဗျားကအပြောင်အပျက်သဘောမျိုးနဲ့ပြောနေတာပဲ၊ ဒါကအစိုးရတွေကိုထိုးနှက်လိုက်တာပဲ"
"ဘာရည်ရွယ်ချက်နဲ့ပြောတာမှမဟုတ်ပါဘူး၊ မင်းကိုငါ့ရဲ့လေးလေးနက်နက်နဲ့ အသေအချာတွေးတောထားတဲ့ (ယုံကြည်မှုရဲ့အရည်အသွေးပြည့်ဝခြင်းသဘော)ကို မျှဝေရုံပါ။ငါဟာ order (အစီအစဉ်အမိန့်)ရဲ့ခိုင်မာတဲ့မိတ်ဆွေတစ်ဦးဖြစ်သော်လည်း (စကားရပ်ရဲ့ အလုံးစုံသောသက်ရောက်မှုအရ) မင်းမဲ့ဝါဒီတစ်ဦးလည်းဖြစ်တယ်"
George Woodcock မှတ်တမ်းတင်ခဲ့တဲ့အတိုင်းပဲ Proudhon ဟာ သူ့ရဲ့နိုင်ငံရေးခံယူချက်ကို ဖော်ပြဖို့ Anarchy ကိုအတည်ပြုခဲ့ပြီးသည့်နောက် မင်းမဲ့စရိုက်ဆိုတဲ့ စကားလုံးရဲ့ ဒွိဟဖြစ်မှုအပေါ်ကျေနပ်နှစ်သိမ့်နိုင်ခဲ့ကာ မင်းမဲ့ခြင်း ရဲ့အနက်အဓိပ္ပါယ်ကိုအပြည့်အဝပုံဖော်ခံစားနိုင်ခဲ့ပါတယ်။
Anarchy ဟာ ရှေးခေတ်ဂရိလူမျိးတို့ရဲ့ anarkhos ဆိုတဲ့စကားလုံးကဆင်းသက်လာခြင်းဖြစ်ပြီး "without government " (အစိုးရမရှိ)လို့အဓိပ္ပါယ်ရကြောင်းသိရပါတယ်။ လူ့အဖွဲ့အစည်းကအမြင်စောင်းနေတဲ့အတိုင်း ပရမ်းပတာအခြေအနေ မဟုတ်ဘဲ တိုးတက်ပြီး သဟဇာတဖြစ်စေတဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးကိုပဲလိုချင်တာဖြစ်ပါတယ်။
Anarchy သည် တန်းတူညီမျှမှုရဲ့ အမွှာညီအကိုဖြစ်ပြီး လူတန်းစားအလွှာတွေနှင့် လူထုရဲ့မလိုအပ်ဘဲရုန်းကန်နေရတဲ့ဘဝအခြေအနေတွေကို ပပျောက်စေဖို့ခံယူချက်ထားပါတယ်။ ၁၉ရာစုအတွင်း အချို့သောမင်းမဲ့ဝါဒီတွေဟာ ရှေးယခင်ကတည်းရှိနှင့်ခဲ့တဲ့ဝေါဟာရဆင်းသက်လာပုံကိုအလေးထားသောအားဖြင့် 'an' နှင့် 'archy' ကြားမှာ hyphen တစ်ခုခံကြလေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခြားသောလူသိများနှင့်ပြီးသားအမည်တွေဖြစ်တဲ့ monarchy(တစ်ဦးတစ်ယောက်မှ အုပ်ချုပ်သည့်အစိုးရ)၊ oligarchy (လူနည်းစုမှ အုပ်ချုပ်သည့်အစိုးရ) တို့တွေနှင့်နှိုင်းယှဉ်ပြီး anarchy ရဲ့ အုပ်ချုပ်သူအစိုးရအားဆန့်ကျင်ခြင်းကို မြင်သာစေပါတယ်။
တချို့မင်းမဲ့ဝါဒီတွေဟာ Proudhon ရဲ့ Anarchy နှင့်ပက်သက်ပြီးကောင်းခြင်းဆိုးခြင်းဒွိဟအပေါ်ကျေနပ်နားလည်နိုင်ခြင်း သဘောတရားကိုမျှဝေလေ့ရှိကြပြီး Anarchy နဲ့ပက်သက်တဲ့ Chaos (ပရမ်းပတာအခြေအနေ) တွေကိုအကောင်းဘက်ရှူထောင့်ကနေ ဖော်ပြလေ့ရှိကြပါတယ်။ ရှုရှားပြည်က မင်းမဲ့ဝါဒီတစ်ဦးဖြစ်သူ Michael Bakunin ဟာ မင်းမဲ့စရိုက်ရဲ့ disordered order ဆိုတဲ့ ကစဉ့်ကလျားအစီအစဉ် ရဲ့အဓိပ္ပါယ်ကို သူ့ရဲ့တော်လှန်ရေးဒဿနမှာ " ဖျက်ဆီးမှုတွေအပေါ်ရူးသွပ်ခြင်းဟာ တီထွင်ဖန်တီးမှုရှိတဲ့ ရူးသွပ်ခြင်းတစ်မျိုးပါပဲ" လို့ ဖော်ပြခဲ့ပါတယ်။
နောက်ထပ် ၁၉ ရာစု မင်းမဲ့ဝါဒီတစ်ဦးဖြစ်သူ peter Kropotkin ဟာလဲ ဒီအတွေးအခေါ်ကိုလက်ခံခဲ့ပါတယ်။ သူ ဆန့်ကျင်တဲ့ order(အမိန့်အာဏာ) ဟာ ကျွန်ပြုခြင်း၊ အတွေးအခေါ်ကို ထိပ်တုံးခတ်၊ အကျဉ်းချခြင်း၊ လူသားမျိုးနွယ်ရဲ့ ရက်စက်ကြမ်းကြုတ်ခြင်းသဘော၊ ကြာပွတ်နှင့် ဓားဖျားမှာသာ တည်တဲ့အရာဖြစ်တယ်။ သူလက်ခံတဲ့ disorder (ကစဉ့်ကလျားသဘော) ဆိုတာကတော့ အထက်ကဖော်ပြခဲ့တဲ့ အရေးမပါတဲ့ order(အမိန့်အာဏာ) တွေကိုဆန့်ကျင်ဖို့၊ အမိန့်အာဏာတွေရဲ့ ချုပ်နှောင်ခြင်းသဘောကိုဖြိုချဖို့၊ အတားအဆီးတွေကိုဖျက်ဆီးဖို့ နှင့် ပိုမိုကောင်းမွန်တဲ့အနာဂတ်သစ်တစ်ရပ်ဆီချီတက်ဖို့ လူထုရဲ့ ပုန်ကန်ထကြွခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Anarchy ရှူထောင့်က disorder သဘောဟာ အလှပဆုံးသောစိတ်အားထက်သန်မှုတို့ရဲ့အဖူးအပွင့်၊ အကြီးမြတ်ဆုံးသော အလေးထားမှုဖြစ်ပါတယ်။ဒါဟာ "အမြင့်မြတ်ဆုံးသော လူသားချစ်ခြင်းမေတ္တာ၏ မော်ကွန်းတစ်ရပ်" ဖြစ်ပါတယ်လို့ ဆိုပါတယ်။
တချို့မင်းမဲ့ဝါဒီတွေအနေနဲ့ကတော့ Anarchy ဝေါဟာရရဲ့ ဂယက်အနက်နဲ့ပက်သက်ပြီး စိတ်မသက်မသာဖြစ်ကြရပါတယ်။ အမှန်ကတော့ မင်းမဲ့ဝါဒနဲ့ပက်သက်တဲ့စာပေအတော်များများမှာ အဓိပ္ပါယ်အမျိုးမျိုးထွက်တဲ့ Anarchy ဟာ မင်းမဲ့ဝါဒီတွေကို ခုခံကာကွယ်ရေးသမားတွေအဖြစ်ကိုရောက်စေပါတယ်။
ဒါကတော့ ကျွန်တော်တို့ မင်းမဲ့ဝါဒအကြောင်းပြောတိုင်း နားပူအောင်ကြားနေရတဲ့ အနာခီ အနာခီ အနာခီ ဆိုတဲ့စကားကရပ်ရဲ့ ဝေါဟာရ နားလည်ထားကြပုံ၊ နားလည်ပုံကွဲပြားကြတဲ့အကြောင်းတွေကိုစာတမ်းပြုစုထားတာဖြစ်ပြီး ခုထိလည်း နားလည်ပုံကွဲလွဲမှုတွေအများကြီးရှိနေပါသေးတယ်။
- စက္က
reference
- Anarchism a beginner’s guide -Ruth Kinna
- What is anarchism
- wiki



